Wednesday, June 24, 2009

ကလေးမြို့

ဂျိုးငှက်ငယ်လေးတစ်ကောင်လို
သူ့အတောင်ပံထဲ သူ့ခေါင်းသူထည့်ဝှက်လို့
မနက်ခင်းတုန်းက သူအိပ်မောကျနေလိုက်တာ တိတ်ဆိတ်လို့
အခုတော့
သူရုန်းကန်လှုပ်ရှားနေပုံက
အသံပိတ်ထားတဲ့ အနှေးပြကွက်တွေလို
မြို့လယ်ခေါင်က မြင်းစီးကြေးရုပ်ကြီးတောင်
ဆိုင်ကယ်စီးသူ စက်ဘီးစီးသူတွေကို ကြည့်ပြီး
စိတ်ပျက်လက်ပျက်ဖြစ်နေလိုက်တာ ကိုးယိုးကားယားကြီးပေါ့
နေကြာပန်းတွေ ကျောခိုင်းရာအရပ်မှာ
တောင်တွေအထပ်ထပ်ကို သူ့ဘေးပတ်ပတ်လည်မှာ နေရာချလို့
သူ့အိမ်သေးသေးလေးကို သူ့ဘာသာသူဆောက်ပြီး
မျှော်လင့်ချက်တွေ သီးပွင့်မယ့် မနက်ဖြန်ကို စောင့်လို့နေရှာတယ်လေ

Monday, June 22, 2009

သူငယ်ချင်း

မင်းပျော်ချင်ယောင်ဆောင်တော့ ငါမှာ အနေရခက်တယ်
ပူလောင်မှုကို ငါသိပါတယ်
ငါအပါအ၀င် လူတိုင်း၊
အဲဒီပူလောင်မှုမှာ အေးအေးချမ်းချမ်းနေချင်ကြပါတယ်
ဒါပေမယ့် မင်းကတော့ မအေးချမ်းဘူး
မင်းခေါင်းမာမှုကတော့ မင်း “ထရိတ်မတ်” နဲ့မင်းပဲ
ပတ်ဝန်းကျင်ကို မင်းရော ငါရော ခါးခဲ့တာ အတူတူ
ကိုယ့်တော်လှန်မှုမှာ ကိုယ့်ဘာသာအောင်မြင်တယ်ထင်ခဲ့ကြတာချည်းပဲ
ဒါပေမယ့်ကွာ
မင်းယဉ်ကျေးမှု မင်းပြန်ဆန်းစစ်ဦး
ကြားရတာတော့ မင်းအမေလည်း မျက်ရည်နဲ့ မျက်ခွက်
မင်းညီလည်း မျက်နှာမကောင်းဘူး
မင်းစကားတွေ ကျွံခဲ့သလား
ကျောင်းတုန်းကလို အဆင်မပြေတိုင်း ၀ူးဝူးဝါးဝါး လုပ်တုန်းလား
မင်းပြေးဝင်ခဲ့တဲ့ ဘ၀ကို အဲဒီလို ရင်ဆိုင်လို့မရဘူးဆိုတာ မင်းသိကြောင်း ငါသိတယ်
မင်းအင်တာနက်မှာ ဆော့နေကျ “ထောင်ထဲမှာ ရုန်းကန်ရတဲ့ ဂိမ်း” လို
မလွယ်ကူဘူး၊ ခိုးဆော့လို့မရဘူး။
မင်းဘာသာမင်းချည်မယ့် ကြိုးမှာ မင်းရှိရမယ့်သတ္တိကို
ချီးကျူးစရာ ဂုဏ်ယူစရာဖြစ်အောင်လုပ်ရမှာ
အခုတော့ မင်းက ခြေစုံကန်တယ်
သူငယ်ချင်းတချို့က တအံတသြ
သူငယ်ချင်းတချို့က လှောင်ရယ်
သူငယ်ချင်းတချို့က ပက်ပက်စက်စက်ဝေဖန်တယ်
ငါကတော့ မင်းရယ်သံတွေ နားထောင်ပြီး နာနာကျင်ကျင်
မင်းတကယ်ရယ်နေတာလား
ငါ သိတာပေါ့၊ မင်းခြေထောက်တွေငါမြင်နေရတာပဲ
ငါတို့က ငယ်ငယ်တည်းကပေါင်းလာတဲ့ မြွေတွေပဲကွာ
အခုအခြေအနေက မိုးထဲရေထဲမှာတဲ့လား
အခိုက်အတန့်လေး သတိတော့ထားပေါ့ကွာ
ဒီတွင်းဘယ်လောက်နက်နိုင်မှာမို့လဲ၊ ငါတို့ကပိုနက်ပြီးသားပဲမဟုတ်လား
မင်းနဲ့ငါရဲ့ နောက်ဆုံးခွက် တစ်ချက်တည်းမော့တွေလိုပဲ ခပ်ပြင်းပြင်း
နောက်တော့လည်း ဒါတွေက လူအိုကြီးတွေရဲ့ စမြုံ့ပြန်စရာဖြစ်လာမလား
အခုတော့
မင်းရဲ့ အပျော်တစ်ဝက် စိတ်ညစ်မှုတစ်ခြမ်းမှာ
အပျော်မှာပဲ နေထိုင်နိုင်ပါစေ သူငယ်ချင်းရေ…။

Saturday, June 13, 2009

ငါက ငါ့ရဲ့ သေကြောင်းကြံစည်မှု

မင်းလုပ်ချင်တာသာလုပ်တော့
ငါက ငါ့ရဲ့ သေကြောင်းကြံစည်မှုပဲ
လက်ကောက်ဝတ်ပေါ်ကဓားလား၊ ဘ၀လား
ငါ ကြိုက်တာရွေးပဲ

စိတ်ဓာတ်ကျနေပုံက
ကိုယ်နှုတ်အမူအရာတွေတောင် ဆွံ့အ
နှုတ်သီးလဲ မဟောင်နိုင်တော့ဘူး
စိတ်ဓာတ်ကျနေတာဟေးးး
စိတ်ရှည်တာ၊ သည်းခံတာနဲ့ မမှားလိုက်ကြနဲ့ဦး
သိပ်ကိုတုံးတာပဲဆိုလဲ ၀န်ခံရတော့မယ်

အန္တရာယ်က ဟန်ကျပန်ကျ ရှိနေပြီ
ဟိုအခန်းထောင့်က သေမင်းနဲ့ငါ
သံခင်းတမန်ခင်း မရှိတော့ဘူး

Wednesday, June 10, 2009

အိမ်ပြန်လမ်း

အိမ်အပြန်လမ်းက အပေါ့ပါးဆုံးငှက်တောင်မွေးလေးလိုပဲ လေထဲဝဲ
ချစ်သူဆီ အတော်ဖြန့်တဲ့လမ်းမှာ ရှိသမျှပန်းတိုင်း အ၀ါရောင်
ကားဘီးတစ်ပတ်လိမ့်တိုင်း ငါ့နှောင်ကြိုးတစ်ပတ်လျှော့
နာရီတစ်စက္ကန့်ခေါက်တိုင်း ငါ့ရင်ဘတ်ပြုတ်ပြုတ်ကျ
“အန္တရာယ်အကွေ့”
“ယဉ်တိမ်းမှောက်မှု မကြာခဏဖြစ်သည်။ ဖြေးဖြေးမောင်းပါ”
သတိပေးဆိုင်းဘုတ်တွေလည်း အ၀ါရောင်လှ
တစ်ကွေ့ပြီးတစ်ကွေ့
တစ်တောင်ပြီးတစ်တောင်
ဒီလောက်ပေါ့ပါးတာ မရှိခဲ့ဘူး
ငါဟာ လွှင့်မျှောလိုက်ပါ
ခရီးလမ်းရဲ့ဟိုဘက်က ချစ်သူဆီ

Friday, May 29, 2009

အချိန်ကို ဖုန်ခါပြီး အမှတ်တမဲ့

အချိန်က အကောင်းဆုံး ဆေးတစ်ခွက်
လူတွေက ဒီလိုပြောကြတယ်
အမှန်တော့
အချိန်က အကောင်းဆုံး ယိုယွင်းပျက်ဆီးခြင်းပဲ
အချိန်က အကောင်းဆုံး သေခြင်းတရားပဲ

အချိန်ဆိုတာ
ငါ့လက်ကြားထဲက လွတ်ထွက်သွားတဲ့ လေပြေလေးလိုပဲ
ဘယ်တော့မှ ဖမ်းမမိခဲ့
ငါတို့ဖြုန်းတီးခဲ့တဲ့ အချိန်တွေ…

ကဗျာမရေးခဲ့တဲ့အချိန်တွေကို နှမြောတယ်
ရယ်မောခွင့်မရှိခဲ့တဲ့အချိန်တွေကို နှမြောတယ်
ရယ်မောအောင်လုပ်မပေးနိုင်ခဲ့တဲ့ အချိန်တွေကို နှမြောတယ်
ချစ်ခြင်းမေတ္တာမရှိခဲ့တဲ့ အချိန်တွေကို နှမြောတယ်

ဒီလိုနဲ့ … ဘ၀ဆိုတဲ့တွင်းနက်ကြီးက အချိန်တွေကို ဆုပ်ယူသွား
အပြည့်ဝဆုံးအချိန်မှာမှ ပေါက်ကွဲပျက်ဆီး အသစ်ပြန်ဖြစ်
ဒီလိုနဲ့ … နာရီတွေ တစ်လုံးပြီးတစ်လုံးပျက်သွားခဲ့

နောက်ဆုံးရထားတွေ တစ်စီးပြီး နောက်တစ်စီး…
အမှောင်တွေမလာခင်
ငါတို့ ခိုးယူထားခဲ့မိတဲ့ အချိန်တွေ ပြန်ဆပ်ဖို့
အသေအချာ လိုအပ်ခဲ့ပြီ။

Sunday, May 24, 2009

အိမ်

သိပ်နွေးထွေးတဲ့ အိမ်လေး… ငါနဲ့ဝေးရာဆီ ပြေးထွက်သွားတယ်
ငါ့မှာ သူ့ရဲ့ ခြေရာလက်ရာလေးတွေ တသသနဲ့ ကျန်ခဲ့ရ
နံနက်ခင်းရနံ့တွေ မလတ်ဆတ်တော့ဘူး

အိမ်မဟုတ်တဲ့ အိမ်တွေမှာ လူတွေဘာကြောင့် ဒီလောက်များနေရသလဲ
ဆင်းရဲဒုက္ခကို သွေးနဲ့ မြည်းလို့
ငါ… သူတို့သတ္တိတွေကို တလေးတစား ဦးညွတ်လိုက်ပါရဲ့

စိုင်းဝင်းမြင့်ရဲ့ လိုရာမရောက်တဲ့ သစ်ပင်
ဆရာမြသန်းတင့်ရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး
သူများစကားလုံးတွေ ငါယူသုံးတယ်
ငါ့ရင်ဘတ်မှာ အံဝင်ဂွင်ကျ

လိုအပ်တဲ့ မိုက်မဲမှုက ရောက်မလာဘူး
ဆင်ခြင်တုန်တွေ ထမ်းထားရတာ ပခုံးလဲ စုတ်နေပြီ
သည်းညည်းခံမှုတွေက မွဲပြာပုဆိုး
ဘ၀က ပါးပါးလျလျ ဒိုးယိုပေါက် ဟောင်းလောင်း

တော်ပြီ!!!
စေ့ဆော်တဲ့ စိတ်နဲ့ ငါလွှတ်ထွက်သွားတယ်
အထိန်းအကွပ်မရှိတော့ဘူး
ဖျားနာနေတဲ့ လူ့အဖွဲ့အစည်းရဲ့ အဝေးကို
“ငါမှ ငါ”များရဲ့ အဝေးကို
ငါ့အတ္တရဲ့ အဝေးကို

ပျောက်ဆုံးနေတဲ့ အိမ်လေးဆီကို …